သူတို့ပြန်ရိုက်တဲ့ စာအုပ်ကတော့ ရိုးလင်းစတုန်းက သတင်းထောက်က အတည်ကြီး အာဖဂန်အရေးကိုကိုင်တဲ့ အမေရိကန်ဗိုလ်ချုပ်နောက် တကောက်ကောက်လိုက်ပြီး ရေးထားတဲ့ စာအုပ်။ ဆိုပေမဲ့ ဒီရုပ်ရှင်ကတော့ သရော်တဲ့ပုံစံနဲ့ နာမည်တွေပြောင်းပြီး ရိုက်ပြထားတယ်။ စစ်ကားစစ်စစ်တော့မဟုတ်ဘဲ စစ်ရေးအခြေအနေတွေကို သရော်ထားတဲ့ စစ်ဟာသကားဆို ပိုမှန်တယ်။ ဆိုပေမဲ့ နောက်ခံအကြောင်းအရာတွေကတော့ အမှန်ပါပဲ။
တစ်ဘက်မှာတော့ ဒီကားကို ကျွန်တော်တော့ စစ်ကားထက် နိုင်ငံရေးကို သရော်ထားတဲ့ကားလို့ ပိုမြင်တယ်။ အမေရိကန်အစိုးရပိုင်းရဲ့ အမြင်တွေ သူတို့ယုံတဲ့စနစ်တွေ တစ်ချို့ကိုလည်း မြင်ရသလို သူတို့အပေါ် သူတို့ပြည်သူတွေရဲ့ အမြင်ကိုလည်း ပါပါးတော့ ပုတ်ပြထားတယ်။ တစ်ဘက်က စစ်ရေးသမားတွေရဲ့ စိတ်ဓာတ်နဲ့ ဖလော်ဆော်ဖီကိုလည်း ပြထားတယ်။ တော်တော်များများ သိပြီးသားအကြောင်းအရာတွေပဲ ဖြစ်မှာပါ။ ဒီလိုဆို ဒီအထာပဲဆိုတဲ့ လူ့သဘာဝကို ပိုအတည်ပြုလို့ရတာပေါ့။
နောက်စနစ်တစ်ခုမှာ လူဟာ ဘယ်တော့မှ အရေးမပါဘူးဆိုတဲ့ သဘောသဘာဝမျိုးကိုလည်း မြင်ရလိမ့်မယ်။ ဆိုတော့ ဒီအကြောင်းကြောင်းတွေကြောင့် ကျွန်တော်တော့ ဒီကားကို စစ်ကားထက် နိုင်ငံရေးဟာသကားလို့ ပိုမြင်တယ်။ မင်းသားကလည်း ဘရက်ပစ်ကြီးဖြစ်သလို ဇာတ်လမ်းကလည်း ကြည့်ကိုကြည့်သင့်တဲ့ ခေတ်ကာလနဲ့ ကိုက်ညီတဲ့ ရုပ်ရှင်ပါပဲ။