Gabrielle-Suzanne Barbot de Villeneuve ရဲ့ ပြင်သစ် Fairy – Tale ဇာတ်လမ်းတစ်ပုဒ်ဖြစ်ပြီး Disney က ၁၉၉၁ မှာ ပထမဦးဆုံး Animation အဖြစ်အသက်သွင်းခဲ့ပါတယ်။
အဲဒီအချိန်တုန်းက တော်တော်လေးကို အောင်မြင်မှုရတဲ့ Animation တစ်ခုဖြစ်ခဲ့တယ်။ Modern Remake တွေထဲမှာ အအောင်မြင်ဆုံးကတော့ ခုဖော်ပြမယ့် Fairy Tale တစ်ခုကို Living Fantasy အဖြစ်အသက်သွင်းထားပုံများ ကောင်းချက်ကတော့ ကြည့်နေရင်း Fairy Tale ဆိုတာပါမေ့လောက်တဲ့ထိပါပဲ။
ဇာတ်ညွှန်း
မင်းသားလေးတစ်ပါးရှိတယ်။ အဲဒီမင်းသားလေးက ငယ်ရွယ်တယ် သူ့ကိုလိုချင်တဲ့ မိန်းမလေးတွေကလည်း မှိုလိုကိုပေါက်လို့။ တစ်ရက်မှာတော့ သူ့ကို အဘွားအိုကြီးတစ်ယောက်က မင်းသားလေးကို အရာတစ်ခုကမ်းလှမ်းလိုက်ပါတယ်။
ဒါပေမဲ့ ရုပ်ရှည်ဂုဏ်မောက်မာတဲ့ မင်းသားလေးက လက်မခံခဲ့ပါဘူး။ အဘွားအိုကြီးက အရမ်းကိုချောမောလှပတဲ့ စုန်းမငယ်လေးအဖြစ်ပြောင်းသွားပြီး မင်းသားလေးကိုရော၊ မင်းသားလေးရဲ့ အခြွေအရံတွေကိုရော ကျိန်စာတိုက်ခဲ့ပါတယ်။
မင်းသားလေးကို တကယ်ချစ်တဲ့လူပေါ်လာမှပဲ ဒီကျိန်စာကပျက်ပြယ်မှာဖြစ်ပါတယ်။ ခက်တာက မင်းသားလေးကိုယ်တိုင်ကိုက ဘယ်သူမှ အနားတောင် မကပ်ရဲလောက်တဲ့ သားရဲကြီးဖြစ်သွားတာပါပဲ။ ဆိုတော့ “မြစ်က ၃ မိုင်၊ လူ ၄ ယောက်ပါတယ်၊ ငါ့အဖေနာမည်ဘယ်သူလဲ” ဆိုတဲ့မေးခွန်းလိုပဲ ဖြစ်နိုင်ခြေက အရမ်းကိုနည်းသွားပြီ။
ဘဲလ်ဆိုတာ ပြင်သစ်က လူသူအရောက်နည်းတဲ့ တောရွာလေးက အများနဲ့ကွဲထွက်နေတဲ့ မိန်းမချောလေးတစ်ယောက်ဖြစ်ပါတယ်။
သူဟာ ဘာလို့ တခြားလူတွေနဲ့ကွဲထွက်ရလဲဆိုတော့ သူသည် အရမ်းလှတယ် ဒါကအရေးအကြီးဆုံးအချက်ပေါ့လေ။ နောက်ထပ်အရေးကြီးတာရှိသေးတယ်။ အဲဒါကတော့ သူဟာ တခြားမိန်းကလေးတွေလိုမျိုး လင်ယူ၊သားမွေး၊ ဘဝကို သမားရိုးကျ ဖြတ်သန်းချင်တဲ့လူတစ်ယောက်မဟုတ်ပဲ စွန့်စားမှုတွေကိုလိုလားတဲ့ မိန်းမငယ်လေးတစ်ယောက်ဖြစ်ပါတယ်။ သူ့မှာ အဖေရှိတယ်။ အမေကတော့မရှိတော့ဘူး။ အဖေတစ်ခုသမီးတစ်ခုပေါ့လေ။ ဘဲလ်ကို လိုချင်နေတဲ့ ယောကျ်ားတစ်ယောက်ရှိတယ်။
သူကတော့ စစ်ပြန် ကပ္ပတိန် ဂတ်စတွန်။ ဂတ်စတွန်က မိန်းကလေးတွေကျလောက်တဲ့လူ၊ ပျိုတိုင်းကြိုက်တဲ့ Dior နှုတ်ခမ်းနီတောင့်။ ဒါပေမဲ့ ဂတ်စတွန်က ဘဲလ်မှဘဲလ်။ ဘဲလ်ကလည်း “နင်ကလွဲ၊ ခွေးမြီးဖြတ်ယူတာကမှ စွပ်ပြုတ်လုပ်သောက်လို့ရသေး၊ နင့်လိုဦးနှောက်မရှိတဲ့လူတော့ရှောင်တယ်” ဆိုတဲ့လူမျိုး။
တစ်ရက် ဘဲလ်ရဲ့ဖခင်ပါရီမြို့ကိုသွားတဲ့လမ်းမှာ မုန်တိုင်းကြောင့် မျက်စိလည်လမ်းမှားပြီး သားရဲကြီးရဲ့ နန်းတော်ကြီးကိုရောက်သွားတယ်။
နန်းတော်ကြီးကနေ ပြန်အထွက် သူ့သမီးဘဲလ်မှာလိုက်တဲ့ နှင်းဆီပန်းကိုသတိရသွားပြီး နန်းတော်မှာစိုက်ထားတဲ့ ပန်းကိုခူးလိုက်တာကြောင့် သူခိုးဟုအမည်တပ်ပြီး သားရဲကြီးက သူ့ကိုဖမ်းလိုက်ပါတော့တယ်။ သားရဲကြောင့် လန့်ပြီးထွက်ပြေးလာတဲ့ ဖိလစ်ဆိုတဲ့ မြင်းကပဲ ရွာကိုပြန်ရောက်လာပါတယ်။
ဒီလိုနဲ့ဘဲလ်လည်း သူ့အဖေကိုပြန်ကယ်ဖို့သွားရင်း…. ဘာတွေဆက်ဖြစ်မလဲဆိုတာကိုတော့ခံစားကြည့်လိုက်ကြပါခင်ဗျာ။
Live Action တစ်ခုမှာ အရေးအကြီးဆုံးက Animation လို့ထင်ကောင်းထင်ကြလိမ့်မယ်။ ဒါပေမဲ့ Voice Actor (Cast) တွေဂွမ်းနေရင်လည်း ရုပ်ရှင်က ထင်သလောက်ကောင်းမှာမဟုတ်ပါဘူး။
ဘဲလ် (Beauty) အဖြစ် အချစ်တော် မင်းသမီး Emma Watson သားရဲကောင်ကြီးအဖြစ် မင်းသား Dan Stevens ဂွတ်စတွန်အဖြစ် မင်းသား Luke Evans လဖူးအဖြစ် မင်းသား Josh Gad မစ္စစ်စ် ပေါ့တ်အဖြစ် မင်းသမီး Emma Thompson ကော့စ်ဝက်အဖြစ် မင်းသားကြီး Ian Kellen လူမီးယားအဖြစ် မင်းသား Ewan McGregor တို့ကသရုပ်ဆောင်ထားတာမလို့ ပိတ်ရက်လေးမှာ ခံစားကြည့်ရှုလိုက်ကြပါခင်ဗျာ။