မင်းသားချန်ဖေးယွီတစ်ယောက် SE ပဲအမြဲရိုက်နေရာကနေ အခုတစ်ခါမှာတော့ ချိုအီအီအချစ်ကားလေးတစ်ကားမှာ ပါဝင်ထားပါတယ်။ ချိုအီအီအချစ်ကားမို့ ယူတို့ရဲ့ချန်ဖေးယွီကို သူများဆီတော့ ပေးရမှာပေါ့နော်။ ဒီကားလေးက အတန်းဖော်ဆက်ဆံရေးကနေမှ ချစ်သူဆက်ဆံရေးကိုပြောင်းလာတဲ့ဇာတ်အိမ်လေးပါ။ ယူတို့တော့ ဒါမျိုးမရနိုင်ပါဘူးနော်။
ဒီကားမှာ ချန်ဖေးယွီနဲ့အတူ The Guilty၊ Legend of Magnate တို့မှာ Female Lead အဖြစ်ပါဝင်ခဲ့တဲ့ Sun Qian က ကမ်မီမိတာအပြင် ရူပဗေဒမိမိပါ သရုပ်ဆောင်ထားပါတယ်။ Friendship to Lover type မို့ ချန်ဖေးယွီရဲ့ချစ်တတ်မှုတစ်သိန်းကိုပါ အားကျရင်း ရင်ကျပ်မတတ်အချိုတွေစားရမဲ့စီးရီးလေးပါ သာ့ကျား...!
ဇာတ်လမ်းအညွှန်း >>>
၁၉၇၀ ပြည့်လွန်နှစ်တွေဟာ ရှင်သန်ရုန်းကန်ဖို့ရာ အင်မတန်ခက်ခဲလွန်းလှပါတယ်။ အဲလိုအချိန်မှာ ဦးထုပ်စက်ရုံတစ်ခုတွင် အလုပ်လုပ်ကိုင်နေတဲ့ တက်ကြွထက်သန်တဲ့ အမျိုးသမီးအလုပ်သမားလေး ဖေးနီဟာ ကံကြမ္မာပြောင်းလဲဖို့ တက္ကသိုလ်တက်ရောက်ချင်သူလေးပါ။ ဖေးနီရဲ့အလယ်တန်းကျောင်းနေဖက်ဖြစ်သူ ဖန်းမုယန်ကတော့ လူ့အသက်ကိုကယ်တင်ရင်း ဒဏ်ရာရရှိခဲ့တာမို့ သူရဲကောင်းအဖြစ် သတ်မှတ်ခံထားရသူပါ။
ဖေးနီဟာ တက္ကသိုလ်တက်ဖို့ အထောက်အခံကောင်းရလိုတဲ့ရည်ရွယ်ချက်နဲ့ ဖန်းမုယန်ကို ပြုစုစောင့်ရှောက်ဖို့အတွက် ကိုယ်တိုင်ဦးစီးကာ တာဝန်ယူခဲ့ပေမဲ့ မျှော်လင့်ချက်တွေဟာ တစ်စစီကျိုးပဲ့ခဲ့ရပါတယ်။
လက်တွေ့ဘဝမှာ ဖိအားတွေက တစ်ခုပြီးတစ်ခု ရောက်ရှိလာခဲ့တဲ့အပြင် မောင်ဖြစ်သူ မင်္ဂလာဆောင်ပြီးနောက် နေထိုင်စရာအိမ်ကိစ္စကို ဖြေရှင်းပေးနိုင်ဖို့ ဖေးနီဟာ ဖန်းမုယန်ကို ဟန်ဆောင်လက်ထပ်ရန်တောင်းဆိုခဲ့ရရှာတာပေါ့။
အဲလိုနဲ့ အခက်အခဲများစွာကို ကျော်ဖြတ်ပြီးနောက် သူတို့နှစ်ဦးဟာ ကိုယ်ပိုင်အိမ်ခန်းလေးတစ်ခုရရှိခဲ့ပါတယ်။ ဒါပေမဲ့ နှစ်ဦးလုံးဟာ ကုတင်အပေါ်ထပ်အောက်ထပ်မှာ သီးခြားစီအိပ်တဲ့အကြင်လင်မယားအဖြစ် နေထိုင်ခဲ့ကြပြန်ပါတယ်။
သူတို့နှစ်ဦး အခက်အခဲတွေကို အတူတကွရင်ဆိုင်ရင်း အိပ်မက်တွေ အကောင်အထည်ပေါ်အောင် အချင်းချင်း အားပေးကူညီခဲ့ကြပါတယ်။
သူတို့ရဲ့ဘဝလမ်းခရီးမှာ အဖုအထစ်များစွာရှိခဲ့ပေမဲ့ ရိုးရှင်းပြီး နွေးထွေးတဲ့နေ့စဉ်အဖြစ်အပျက်တွေကြားမှာ စစ်မှန်တဲ့မေတ္တာတရားဟာလည်း တဖြည်းဖြည်းပေါက်ဖွားလာခဲ့ပါတော့တယ်။
ဖန်းမုယန် : အခုချိန်မှာ ကုတင်အပေါ်ထပ်အောက်ထပ်ခွဲအိပ်နေရပေမဲ့ မင်းရဲ့အိပ်မက်တွေက ငါ့အိပ်မက်တွေပဲ ဖေးနီ။ မင်း တက္ကသိုလ်တက်နိုင်ဖို့အတွက် ငါက လှေကားတစ်စင်းဖြစ်ပေးပါ့မယ်။ မင်း ရှေ့ကိုသာ ရဲရဲလျှောက်၊ ငါ မင်းရဲ့နောက်မှာ အမြဲရှိနေပေးမှာပါ။
ဖေးနီ : ဒီခေတ်ကြီးမှာ အချစ်ဆိုတာ ကြီးကျယ်ခမ်းနားတဲ့စကားလုံးတွေ မဟုတ်ဘူး။ မနက်ခင်းမှာ တစ်ယောက်အတွက်တစ်ယောက် ရေနွေးနွေးလေးပြင်ဆင်ပေးတာမျိုး အခက်အခဲကြုံတဲ့အခါ လက်တွဲမဖြုတ်တမ်းရှိနေပေးတာမျိုး ဒီလောက်ပါပဲ။ အဲဒါကပဲ ကျွန်မအလိုရှိတဲ့ အချစ်လေ။
ဒီစီးရီးလေးဟာ သိပ်လှတဲ့အချစ်ပန်းချီကားတစ်ချပ်သဖွယ် ကြည့်ရှုသူရင်ထဲ ဖြည်းဖြည်းချင်းစိမ့်ဝင်မှာမို့ မကြည့်ရင်တော့ C drama fan ဖြစ်ရကျိုးမနပ်ပါဘူးနော်။