⭐️8.8
Amazon Prime ကနေ အသစ်ထွက်ရှိလာတဲ့ အလန်းစား Animation စီးရီးလေးကို တင်ဆက်ပေးလိုက်ပါပြီ။ ဒီကောင်ကတော့ The Legend of Vox Machina ဆိုတဲ့စီးရီးနဲ့လည်း Universe အတူတူဖြစ်ပါတယ် (အဲဒါလည်း တင်ဆက်ပေးပြီးသားပါ)။ မှော်အစွမ်းတွေ ဒဏ္ဍာရီလာလူမျိုးစုတွေ အရင်ခေတ်တိုက်ပွဲမျိုးတွေ ပါဝင်တဲ့ Dark Fantasy စွန့်စားခန်းတွေကိုမှ Suicide Squad ပုံစံနဲ့ ခပ်မိုက်မိုက် ဖန်တီးထားတာဖြစ်ပါတယ်။ ဇာတ်လမ်းအကျဉ်းလေးကတော့ ခရင်းမ်တိုင်းပြည်မှာ အမြတ်တနိုးတန်ဖိုးထားရတဲ့ ရှေးဟောင်းအမွေအနှစ်တစ်ခု အခိုးခံလိုက်ရပါတယ်။ အဲဒီမှာ သူတို့နဲ့ စစ်အေးတိုက်ပွဲဆင်နွှဲနေကြတဲ့ အင်ပါယာကလုပ်ပါတယ်ဆိုပြီး ဒီပစ္စည်းကို ပြန်မပေးရင် စစ်ဖြစ်မယ်ဆိုပြီး ရာဇသံပေးတာကတစ်ပိုင်း။ တကယ်တမ်းတော့ ခိုးသွားတဲ့အဖွဲ့က ကြားထဲကနေ မလှိမ့်တပတ်နဲ့ အမြတ်ထုတ်။ ဒီကိစ္စကို စုံစမ်းဖို့တာဝန်ပေးထားတဲ့ ဘုန်းတော်ကြီးကျောင်းအဖွဲ့မှာလည်း ဒီပြဿနာကို အဖြေရှာရင်း သူ့ပြဿနာနဲ့သူတွေ ဖြစ်လာ။ ဆိုတော့ကား တိုင်းပြည်တွေ စစ်မက်အရေး မဖြစ်စေဖို့ ဒီရှေးဟောင်းပစ္စည်းတစ်ခုကို ရှာဖွေဖို့တာဝန်ဝတ္တရားက ဘယ်သူတွေပေါ်ကျရောက်လာသလဲဆိုတော့ လူဆိုးဂျပိုး စကားနားမထောင် ပေတေတေဂျစ်တူး ဖြစ်ချင်ရာဖြစ်မောင်ဘချစ်ဆိုတဲ့ လူမျိုးမတူ ပညာစွမ်းမတူ အကျင့်မတူ ရည်မှန်းချက်ချင်းမတူညီကြတဲ့ ဆရာသမား ၈ ယောက်ပေါ် ကံကြမ္မာက ပုံချလိုက်ပြီး ရှေ့ဆက်ဘာတွေဖြစ်ကြမလဲဆိုတာကို စိတ်ဝင်စားဖွယ် ကြည့်ရှုရမှာပဲ ဖြစ်ပါတယ်။