⭐️5.8
ဒီရုပ်ရှင်က ခုနေ သက်လတ်ပိုင်းတော်တော်များများ ငယ်ဘဝက ကြိုက်ခဲ့တဲ့ရုပ်ရှင်လို့ပြောလို့ရတယ်။ ဒီရုပ်ရှင်ရဲ့ မူရင်း Comic Book ကိုကလည်း တော်တော်အထာကျတဲ့ Alan Moore ရယ်၊ Kevin O’Neill ရယ်တွဲရေးထားတဲ့ ကောမစ်ဘွတ်စီးရီးရဲ့ ပထမတွဲကို ယူထားတာ။ Alan Moore ကိုတော့ တော်တော်များများသိကြမှာပါ။ နာမည်ကြီးသလို အနုပညာလည်းမှော်ဝင်တဲ့ ကောမစ်ဘွတ်တွေကို ရေးခဲ့တဲ့သူ။ ဒီကောမစ်ဘွတ်ကလည်း Multi-genre, Cross over Comic Book။ ပြောရရင် တကယ့်ဂန္ထဝင်ဆိုမှ Edgar Allan Poe, Ian Fleming, Herman Melville, Mark Twain, Sir Arthur Conan Doyle, Oscar Wilde တို့လို ဂန္ထဝင်စာရေးဆရာတွေရဲ့ ကာရိုက်တာတွေ ဇာတ်လမ်းတွေကို Cross over လုပ်ထားတာ။ Bram Stoker ရဲ့ Dracula ထဲက မီနာ၊ Jules Verne ရဲ့ ကပ္ပတိန်နီမို၊ Sir H. Rider Haggard ရဲ့ အလန်ကွာတာမိန်း၊ Robert Louis Stevenson ရဲ့ Dr. Jekyll and Mr. Hyde, H. G. Wells ရဲ့ The Invisible Man, Sir Arthur Conan Doyle ရဲ့ မိုရီယာတီ၊ Mark Twain ရဲ့ တွမ်ဆောယား၊ Oscar Wilde ရဲ့ ဒိုရီယန်ဂရေးတို့လို ဂန္ထဝင်ဇာတ်ကောင်တွေကို တစ်ပေါင်းတည်းသုံးထားတယ်။ ဒီလိုဂန္ထဝင်တွေကိုမှ မာစတာပိစ် ကောမစ်ဘွတ်ရေးခဲ့တဲ့ Alan Moore ရေးခဲ့တဲ့ Comic Book ကို ရိုက်ထားတာဆိုတော့ ကြည့်ကောင်းတာတော့ တော်တော်ကြည့်ကောင်းပါတယ်။ ဒါပေမဲ့ ဒါရိုက်တာကတော့ ဇက်စနိုက်ဒါတို့လို အသက်ဝင်အောင်မရိုက်နိုင်ခဲ့တော့ ဝေဖန်ရေးအရတော့ မကောင်းခဲ့ပါဘူး။ အသာထားပါ။ ဒီလိုကာရိုက်တာတွေကို တွဲမြင်ရတာနဲ့တင် တော်တော်တန်နေပြီ။ လွမ်းစရာလည်း ကောင်းနေပြီ။ဒီကားမှာ အလန်ကွာတာမိန်းအဖြစ် ရှောင်ကွန်နရီကြီးက ဝင်သရုပ်ဆောင်ထားခဲ့တယ်။ ရှောင်ကွန်နရီကြီးဟာ ဒီမတိုင်ခင် သရုပ်ဆောင်ကြေးအများကြီးရနိုင်ခဲ့တဲ့ Architect ဇာတ်ကောင်ကိုရော Gandalf ဇာတ်ကောင်ကိုရော ငြင်းခဲ့တယ်။ ဒီကားမှာတော့ ကြေးသိပ်မရခဲ့ပေမဲ့ အလန်ကွာတာမိန်းအဖြစ် သရုပ်ဆောင်ပေးဖို့ သဘောတူခဲ့တယ်။ အလန်ကွာတာမိန်းဇာတ်ကောင်ရဲ့ အရှိန်အဝါလို့တော့ ထင်ရတာပါပဲ။ ကားထဲက အလန်ကွာတာမိန်းဟာလည်း ဗြိတိန်ရဲ့ သူရဲကောင်းပြယုဂ်တစ်ခုလိုဖြစ်နေခဲ့တယ်။ ဘာရယ်တော့မဟုတ်ပါဘူး။ ဒီကားထဲ တော်တော်သဘောကျစရာကောင်းတဲ့ ဇာတ်ဝင်ခန်းတစ်ခန်းပါတယ်။ ကွာတာမိန်းက ဆောယားကို ကိုက်ကိုးရာအကွာကပစ်မှတ်ကိုထိအောင်ပစ်တတ်အောင်သင်ပေးတဲ့ အခန်းပေါ့။” ချိန်… လေလမ်းကြောင်းနဲ့ ပစ်မှတ်ရွှေ့လျားသွားတာကို အလိုက်သင့်စီးမျော… ဒီနှစ်ခုက လွယ်တယ် အဓိကက… ကိုယ်ပစ်မယ့် ပစ်ချက်ကိုခံစား အချိန်ယူပြီးခံစား ယူချင်သလောက်သာ အချိန်ယူ ဘယ်လောက်ကြာကြာ ဂရုမစိုက်နဲ့” တဲ့။ဘာရယ်တော့မဟုတ်ပါဘူး ပစ်ဖို့အချိန်ယူလေ ပိုဝေးသွားလေဖြစ်မယ့်ပစ်မှတ်ကို ပစ်တဲ့နေရာမှာ အချိန်ဘယ်လောက်ကြာကြာယူရယူရ ဂရုမစိုက်တဲ့ အလန်ကွာတာမိန်းရဲ့ အနုပညာပေါ့။
( အညွှန်းနဲ့ဘာသာပြန်ကို WiRa Aung မှ တင်ဆက်ထားပါတယ်။)