ဇာတ်လမ်းအကျဉ်း
ဂျိတ် ရိုင်လီဆိုတဲ့စုံထောက်ဟာ ယောက်ျားဆုံးပါးပြီး သားသမီးနဲ့ပဲ ကျန်ရစ်ခဲ့တဲ့ တစ်ကိုယ်တည်းမိခင်တွေကို အဓိက ပစ်မှတ်ထားပြီးတော့ သတ်ဖြတ်နေတဲ့ ကွင်းဆက်လူသတ်သမားတစ်ယောက်ကို လိုက်ဖမ်းနေတာ ဖြစ်ပါတယ်။ ဒီကွင်းဆက်လူသတ်သမားဟာ စုစုပေါင်း မိန်းကလေး ၁၁ ယောက်ကို သတ်ဖြတ်ခဲ့ပြီး နောက်ထပ်ပစ်မှတ်ကိုလည်း အနှေးနဲ့အမြန် သတ်တော့မှာကိုသိသိနဲ့ စုံစမ်းစစ်ဆေးရေးက ခရီးမရောက်လာတဲ့အတွက် ရဲတပ်ဖွဲ့က လူထုရဲ့ အပြစ်တင်ဝေဖန်မှုကြောင့် ဂျိတ်ကို တာဝန်က ရပ်ဆိုင်းလိုက်ပါတယ်။
ဒီလိုနဲ့ သူလည်း စိတ်ပျက်လက်ပျက် ဖြစ်နေချိန်မှာ အမျိုးသားလုံခြုံရေးဌာနက သူ့ကို ဒီလူသတ်သမားကို အလွတ်တန်း လျို့ဝှက်စုံစမ်းဖို့ အလုပ်ကမ်းလှမ်းခဲ့ပါတယ်။ ဒီလိုနဲ့ ဂျိတ်ဟာ အမျိုးသားလုံခြုံရေးဌာနကို သွားလိုက်တဲ့အခါ သူတို့က ဒီနှစ်တွေတလျှောက်မှာ လူသတ်သမားဆီကရတဲ့ သဲလွန်စတွေ ဆံချည်မျှင်တွေကို အသုံးချပြီး လူသတ်သမားနဲ့ အဆင်တူဆုံး လူသားပုံစံတူကို ဇီဝနည်းကျပွားယူထားကြောင်းကို သိလိုက်ရပါတယ်။
ဒီတော့ ဂျိတ်ဟာ လူသတ်သမားနဲ့ဆင်တူတဲ့ မွေးကင်းစကလေးလို ဘာမှမသိမနားလည်သေးတဲ့ လူလုပ်ကိုယ်ပွားတစ်ယောက်နဲ့ တကယ့်လူသတ်သမားအစစ်ကို ဘယ်လိုဖမ်းဆီးမလဲဆိုတာကို စိတ်ဝင်စားဖွယ်ရာ ကြည့်ရှုရမှာဖြစ်ပါတယ်။