စူပါဟီးရိုးစီးရီးတွေထဲက အအောင်မြင်ဆုံးတစ်ခုဖြစ်တဲ့ the Boys စီးရီးရဲ့ ဇာတ်လမ်းခွဲအနေနဲ့ ထွက်လာတဲ့စီးရီးပါ။ Rotten Tomatoes မှာ ၁၀၀ ရတဲ့အထိ ကောင်းခဲ့ပါတယ်။ တကယ်လည်း ဇာတ်လမ်းက အတော်ကိုမိုက်ပါတယ်။ the Boys မကြည့်ဖူးသေးတဲ့သူတွေကို ရှင်းပြရမယ်ဆိုရင်တော့ The Boys နဲ့ Gen V ဟာ စူပါဟီးရိုးတွေရဲ့ လူသားဆန်တဲ့ အခြမ်းကို ထုတ်ပြတဲ့ စီးရီးပါပဲ။ လူသားဆန်တယ်ဆိုတာ တကိုယ်ကောင်းဆန်တာ၊ ညစ်ပတ်တာ၊ ရက်စက်တာ၊ လောဘကြီးတာ၊ ဟန်ဆောင်တာတွေ ကို ပြောတာပါ။ စူပါပါဝါတွေရလာတာ ဘာလုပ်ဖို့လဲ၊ ကိုယ်လုပ်ချင်တာလုပ်ဖို့ပဲ ဆိုတာမျိုးပါ။
~ ဇာတ်လမ်းအကျဉ်း ~
ဒီဇာတ်လမ်းကတော့ the Boys စီးရီး နောက်ဆုံးထွက်ထားတဲ့ ကျောရိုးအတိုင်း ဆက်သွားတာပါ။ အရင်ခေတ်ကိုပြန်ပြတာမဟုတ်ပါဘူး။ မေ့ဗ်သေသွားတာ၊ စတားလိုက်ထွက်သွားတာ၊ ဟုမ်းလန်ဒါကို တရားစွဲတာ ဒါတွေဖြစ်နေတဲ့ကာလပါ။ နေရာကတော့ ဂဒေါကင်းတက္ကသိုလ်၊ နတ်ဘုရားတက္ကသိုလ်လို့လည်းခေါ်တဲ့ စူပါဟီးရိုးလူငယ်ကျောင်းမှာပါပဲ။ အဲဒီကျောင်းမှာလည်း မေဂျာတွေရှိတဲ့ထဲက အယူအများဆုံးကတော့ ဖျော်ဖြေရေးမေဂျာပါ။ စူပါဟီးရိုးဆိုတာ နာမည်ကြီးဖို့ ရုပ်ရှင်တွေ ကြော်ငြာတွေရိုက်ရဖို့အဓိကပေါ့။ အဲဒီထဲက အဆင့်အများဆုံး လူနည်းစုလေးကတော့ ရာဇဝတ်မှုတိုက်ဖျက်ရေး မေဂျာယူလို့ရပြီး မြို့ကြီးတွေကနေ ကာကွယ်ရေးစူပါဟီးရိုးအဖြစ် စာချုပ်ချုပ်ခံရပါတယ်။ ဒါကိုလည်း ကိုယ်ကျိုးအတွက်လိုချင်ကြတာပါ။ အဲဒီ စူပါဟီးရိုးကျောင်းရဲ့နောက်ကွယ်က ရက်စက်တဲ့လျှို့ဝှက်ချက်တွေနဲ့ ကျောင်းသူကျောင်းသားတွေရဲ့ တိုက်ပွဲတွေကို ပြသထားတာပဲဖြစ်ပါတယ်။