⭐️7.2
Directed By “Peter Jackson”
” It was Beauty killed the Beast. “ခြင်္သေ့နဲ့ ဘယ်လိုတိုက်တိုက် ဘီလူးနဲ့ ဘယ်လိုကိုက်ကိုက် ချစ်မိသူလောက်တော့ ဘယ်သူမှ လူမိုက်မမည် အဲဒီခေတ်က နယူးယောက်ရဲ့ အမြင့်ဆုံးအဆောက်အဦးဖြစ်ခဲ့တဲ့ အင်ပါယာစတိတ်ပေါ် တက်ကြဲခဲ့တဲ့ အသိဉာဏ်အရှိဆုံး တိရိစ္ဆာန်ဘဝကနေ အမိုက်မဲဆုံးကောင်ဖြစ်သွားတဲ့ ကင်းကောင်ကြီးကို မသိတဲ့သူလည်းမရှိလောက်ဘူး။ အသိဉာဏ်ရှိနေလို့ပဲ အရူးမိုက်ဆုံးဖြစ်ခဲ့သလား မသိနိုင်ပေမဲ့ ထင်သာမြင်သာအရှိဆုံး အဆောက်အဦးပေါ်တက် ကျည်ချက်ပေါင်းများစွာခံရင်း ၁၀၂ထပ်အမြင့်ကနေ ထိုးဆင်းသွားခဲ့တယ်။
နယူးယောက်ရဲ့ကြမ်းပြင်မှာ အသက်မဲ့နေတဲ့ ကင်းကောင်ကြီးကို ကြည့်ပြီး “ဘာလို့ ဒီကောင် ဟိုးထိပ်ထိတက်ပြီး ချောင်ပိတ်မိခံလိုက်တာလဲ သူ့အန္တရာယ်သူမသိဘဲတော့မနေလောက်ဘူး” လို့ လူတစ်ယောက်က ပြောတယ်။ ဘေးကလူရဲ့အဖြေကတော့ “ဦးနှောက်မရှိတဲ့တိရိစ္ဆာန်ကြီးပဲကိုကွာ ဘာသိမှာလဲ” တဲ့။ ခဏလောက်တော့ တိတ်သွားကြတယ်။ ခဏနေတော့ ခုနဖြေခဲ့တဲ့လူကပဲ “သိသိမသိသိ ဘာအရေးလဲကွာ တိုက်လေယာဉ်စာမိသွားတာပဲမလား” လို့ပြောပြီး လှည့်ထွက်သွားတယ်။ အသိရခက်တဲ့မျက်နှာနဲ့ လူတစ်ယောက်ကတော့ “တိုက်လေယာဉ်ကြောင့်မဟုတ်ဘူး အလှတရားက သူ့ကို သတ်သွားတာ” လို့ ပြောရင်း ဆက်မကြည့်ချင်တော့သလို သူလည်း လှည့်ထွက်သွားခဲ့တယ်။တချို့ကတော့ ကဗျာဟာ ဉာဏ်မမီသူတွေအတွက် မဟုတ်ဘူးလို့ ပြောကြတယ်။ တစ်ချို့ကတော့ လက်မခံကြဘူး။ အဲဒီဉာဏ်မီမမီဆိုတာကို ဘယ်လိုသတ်မှတ်ကြလဲဆိုတာနဲ့တင် တော်တော်အငြင်းပွားစရာဖြစ်နေပါပြီ။ ဒီထက်သေချာတာတစ်ခုတော့ရှိတယ်။ အချစ်ဟာ ဘာကြီးလို့ ဘယ်လိုပဲပြောပြော ဉာဏ်နည်းတဲ့လူတွေအတွက်တော့ မဟုတ်ဘူး။ အဲဒီဉာဏ်နည်းမနည်းဆိုတာလည်း သိခြင်းတတ်ခြင်းတွေနဲ့ မဆိုင်ဘူး။ ဘာနဲ့ဆိုင်လဲ မေးလာရင်လည်း ဖြေစရာတော့မရှိဘူး။ အိမ်ပြန်ချိန်တိုင်း လှနေမယ့် နေဝင်ချိန်တစ်ခုတော့ ရှိနေလိမ့်မယ်။ ဒါပေမဲ့ ခင်ဗျား ဘယ်လောက်ထိ ငေးခဲ့ဖူးပြီလဲ။
King Kong လို့ဆိုလိုက်ရင် မသိတဲ့လူမရှိခဲ့လောက်အောင် ကင်းကောင်ဟာ နာမည်ကျော်တဲ့ကာရိုက်တာတစ်ခုပါပဲ။ ၁၉၃၃မှာ သူ့ကို ပိတ်ကားပြင်ထက် စအသက်သွင်းပြီးချိန်ကစလို့ ဒီနေ့ထက်ထိတိုင်အောင်ပဲ ဇာတ်လမ်းအမျိုးမျိုးနဲ့ ပြန်ရိုက်ကြတဲ့အထိကို အောင်မြင်ခဲ့တယ်။ ဒီ 2005 ရဲ့ King Kong ကို ရိုက်တဲ့သူကတော့ ပီတာဂျက်ဆန်ပါ။ ပီတာဂျက်ဆန်ဆိုတဲ့လူကိုတော့ အားလုံးသိကြမှာပါ။ The Lord of the Rings နဲ့ The Hobbit အတွဲလိုက်ကြီးနဲ့ Fantasy Genre မှာ မှတ်တမ်းရေးထိုးခဲ့သူပါ။သူနဲ့ ဒီကင်းကောင်က တော်တော်လည်း ရေစက်ပါပါတယ်။ ၁၉၃၃ မူရင်း ကင်းကောင်ကားကို သူစကြည့်တဲ့အချိန်မှာ ကိုးနှစ်သားပီတာဂျက်ဆန်လေးဟာ ကင်းကောင်ကြီး အင်ပါယာစတိတ်က ပြုတ်ကျတဲ့အခန်းမှာ မျက်ရည်လည်ရွှဲဖြစ်ခဲ့ရဖူးတယ်။ အသက်၁၂နှစ်မှာတော့ သူ့မိဘတွေရဲ့ကင်မရာကိုသုံးပြီး ဒီကားကိုပြန်ရိုက်ဖို့ ကြိုးစားကြည့်ဖူးတယ်။ ၁၉၃၃ ကင်းကောင်ကို ရိုက်တဲ့အကြောင်းစာအုပ်တွေဖတ်ခဲ့သလို အမှတ်တရပစ္စည်းတွေလည်း ဝယ်ခဲ့တယ်။ သူရိုက်ခဲ့တဲ့ Braindead မှာလည်း Skull Island ကို Zombie Plague ရဲ့ ရင်းမြစ်နေရာအဖြစ် Tribute ခဲ့ဖူးတယ်။ ဒီကားကိုလည်း သူ LoTR နဲ့ ယှဉ်ရွေးရင်း လက်လွှတ်ခဲ့ရဖူးတယ်။အမှန်ဆို ဒီကားက ၁၉၉၈ကတည်းက ထွက်ဖို့လုပ်ခဲ့တယ်။ အဲဒီတုန်းကသာဆို ပီတာဂျက်ဆန်ကြီးလည်း ရိုက်ခွင့်မရနိုင်တော့သလို အဲဒီတုန်းကရိုက်ဖြစ်ခဲ့ရင်လည်း LoTR တွေရိုက်ပြီး အထာနပ်နေတဲ့ ပီတာဂျက်ဆန်ရဲ့ အခုလက်ရာလောက် ကောင်းမယ်တော့မထင်လှဘူး။ ဒါလည်းကံပါပဲ။ကင်းကောင်ကိုချစ်ခဲ့တဲ့ ပီတာဂျက်ဆန်လက်ထဲ ကင်းကောင်ဟာ ကံသီစွာနဲ့ပဲ အချိန်ကိုက်အခါကိုက်ရောက်လာခဲ့တယ်။ ကင်းကောင်ဟာ ရုပ်ရှင်သမိုင်းရဲ့ အထင်ကရဇာတ်ကောင်တစ်ကောင်ဖြစ်နေသလို၊ ကင်းကောင်ရုပ်ရှင်တွေဟာ သမိုင်းမှာ အခမ်းနားဆုံးရုပ်ရှင်တွေဖြစ်ခဲ့ဖူးသလို ပီတာဂျက်ဆန်ကလည်း အဲဒီခမ်းနားမှုကို မလျော့စေဘဲ လှလှပပရိုက်သွားခဲ့တယ်။“တစ်ခုခုကို ကိုယ်တကယ်ချစ်ရင် စကြဝဠာကြီးက ကိုယ့်လက်ထဲရောက်အောင်ပို့ပေးလိမ့်မယ်” ဆိုတဲ့ စကားဟောင်းတစ်ခုတောင် အမှတ်ရမိပါသေးရဲ့။ ဒီလိုနဲ့ ကင်းကောင်ဟာ ပီတာဂျက်ဆန်လက်ထဲ လှပစွာ ရောက်ရှိလာခဲ့တယ်။ ပီတာဂျက်ဆန်ကလည်း ကင်းကောင်ကို အားလုံးဆီ လှပစွာ ပြန်ပို့နိုင်ခဲ့ပါတယ်။