⭐️8.2
ဒါရိုက်တာ Christopher Nolan ရိုက်ကူးခဲ့တဲ့ psychological thrillerဖြစ်ပြီး ၂၀၀၆ ခုနှစ်မှာ ပြသခဲ့ပါတယ် ။ ဒီရုပ်ရှင်ဟာ ကျွန်တော့်အမြင်တော့ Nolan ရဲ့ ကားတွေထဲမှာတောင် အကောင်းဆုံးဆိုတဲ့ နေရာမှာ ရှိတာပါ ၊ Nolan ရဲ့ masterpiece လို့ ပြောလို့ရပါတယ် ။ အင်မတန် လူကြိုက်များခဲ့ပြီး ရုပ်ရှင်ကို အဓိပ္ပာယ်ဖွင့်တဲ့ ပရိသတ်တွေရဲ့ အယူအဆ တွေ အများအပြားထွက်ပေါ်ခဲ့တဲ့ ရုပ်ရှင်ပါ။ ဆက်လက်ဖော်ပြမှာတွေက ကျွန်တော့ရဲ့ ကိုယ်ပိုင်အမြင် အဓိပ္ပါယ်ဖွင့်မှု ဖြစ်ပါတယ်။ (မကြည့်ရသေးသူများ ဆက်မဖတ်ပါရန်၊ Spoiler တွေ ပါနိုင်ပါတယ်)
ဇာတ်လမ်းကတော့ မျက်လှည့်ပညာရှင် ၂ယောက်ရဲ့ တစ်ယောက်နဲ့ တစ်ယောက် အားပြိုင်မှုအပေါ်မှာ အခြေခံထားတာပါ။ ၁၉ရာစုနှောင်းပိုင်း လန်ဒန်မှာ အခြေတည်ထားတဲ့ ဒီဇာတ်လမ်းမှာ Robert Angier အဖြစ် Hugh Jackman နဲ့ Alfred Borden
အဖြစ် Christian Bale တို့က သရုပ်ဆောင်ထားပါတယ်။ ဒီနေရာမှာ ကျွန်တော့်အမြင်အရ The Prestige ဟာ ဇာတ်လမ်းကောင်းတို့ ထုံးစံအတိုင်း သူတို့ကြားက ပြိုင်ဆိုင်မှုကို အခြေခံထားပေမဲ့ ရုပ်ရှင်ရဲ့ ဆိုလိုရင်းက လူ ၂ယောက်ကြားက ပြိုင်ဆိုင်မှု ဆိုတာထက်ပိုပါတယ်။
ဒီဇာတ်လမ်းမှာ Angier က မိဘချမ်းသာသလို သူကောင်းမျိုးကနေ ဆင်းသက်လာသူဖြစ်ပြီး Borden ကတော့ ပါရမီရှင်ဖြစ်တာ ဉာဏ်ကောင်းတာကလွဲရင် တခြားဘာမှ မရှိသူပါ။ မျက်လှည့်ပညာကို ရူးသွပ်တာ တူပေမယ့် သူတို့ရဲ့ အားသာချက်တွေက မတူပါဘူး။ အဲ့ဒီ အားသာချက်တွေရဲ့ အားပြိုင်မှုကိုအဓိက ပြချင်တာလို့ပဲ ထင်ပါတယ်။ သူတို့ ၂ယောက်ရဲ့ မျက်လှည့်ပြရာမှာသုံးတဲ့ နာမည်တွေကလည်း ဒါကို ထင်ဟပ်နေပါတယ်။ ပါရမီရှင်ဖြစ်တဲ့ Borden ရဲ့ နာမည်က The professor ဖြစ်ပြီး၊ နောက်ခံအခြေအနေအားကောင်းတဲ့ Angier ကတော့ The Great Danton ဖြစ်နေပါတယ်။ ပညာ နဲ့ ဥစ္စာတို့ရဲ့ အားပြိုင်တဲ့ပွဲမှာ နောက်ဆုံး ပညာရှင်ဖြစ်တဲ့ Borden က လှလှပပ အနိုင်ယူသွားပုံရယ်၊ ပါရမီ နဲ့ ပတ်ဝန်းကျင်အထောက်အပံ့တို့ အားပြိုင်ရာမှာ ပါရမီရှင်က အနိုင်ယူသွားပုံကို ပြထားတာပါ။ ဇာတ်လမ်းတစ်လျှောက်မှာလည်း Borden ဆင်တဲ့အကွက်ထဲမှာ Angier လိုက်ကနေရတာက ပိုများပါတယ်။ ဒီနေရာမှာ ချီးကျူးရမှာက အဲ့လိုပညာ နဲ့ ဥစ္စာရဲ့ အားပြိုင်မှု ပြကွက်အဖြစ် Tesla နဲ့ Edison တို့ကြားက အားပြိုင်မှုကိုပါ ဇာတ်လမ်းနဲ့လျော်ညီအောင် ကြားထဲမှာ ပါးပါးလေးထည့်ပြနိုင်သွားတာကိုပါ။ ဒါပေမဲ့ ဒီရုပ်ရှင်ရဲ့ ထူးခြားချက်က Angier နဲ့ Borden ၂ယောက်ဟာ ဘယ်သူဆိုးတယ် ဘယ်သူကောင်းတယ်ဆိုတာကို လုံးဝဆုံးဖြတ်ပေးထားတာ မရှိပါဘူး။ ရုပ်ရှင်ကြည့်တဲ့သူတွေကပဲ ဆုံးဖြတ်ရမှာ ဖြစ်ပါတယ်။
ကြိုးစားရင် ဘာမဆိုဖြစ်နိုင်တယ်ဆိုတဲ့ တက်ကျမ်းဆန်ဆန် အယူအဆတွေ ကြီးစိုးနေတဲ့ အခုအချိန်မှာ The Prestige ဟာ တက်ကျမ်းဆရာတွေကို ပြောင်ပြနေပါတယ်။ တစ်ခါတစ်ရံမှာ ကြိုးစားတိုင်းလည်း ပါရမီရှင်တွေလို မဖြစ်နိုင်ဘူးဆိုတဲ့ ခါးသီးတဲ့ အမှန်တရားကို ပြထားပါတယ်။ တက်ကျမ်းတွေ၊ လူပြိန်းကြိုက် ဘဝအောင်မြင်ရေးစကားတွေ life coach တွေ NLP တွေ ဖောင်းပွနေတဲ့ ၂၁ရာစု ကမ္ဘာကြီးကို ကောင်းကောင်းကြီး သရော်ထားတယ်လို့ပဲ မြင်ပါတယ်။ ဒါကတော့ ကျွန်တော့်အမြင်ပါ။ ဒီကားကို ကြည့်မိတဲ့သူတိုင်း ပြီးသွားတဲ့အချိန်မယ် စိတ်ထဲမှာ ကိုယ့်အတွေးနဲ့ကိုယ် စဉ်းစားစရာတွေ အများကြီးနဲ့ ကျန်ခဲ့မယ်ဆိုတာတော့ အသေအချာပါပဲ။